ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာ အာဏာရပါတီကို လွှဲပြောင်းချိန်အထိ ပြည်သူတွေ အထင်အမြင် လွဲမှားမှု မရှိစေ ရေး မိမိတို့ကိုယ်တိုင်နဲ့ မိမိတို့ လက်အောက်ဝန်ထမ်းတွေကို စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

မေ ၂၀ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယ နေ့မှာ ပြောကြားခဲ့တာပါ။ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အခုနှစ်ကုန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ ရွေးကောက်ပွဲ အောင်မြင်မှု ရှိစေရေး လိုအပ်တာတွေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ပြည့်စုံစွာ ဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်း ရေးဟာ အဓိက ကျတာကြောင့် ရွေးကောက်ပွဲ ဆောင်ရွက်လို့ ရနိုင်တဲ့ နေရာတွေအားလုံးမှာ တည်ငြိမ်အေးချမ်းမှု ရှိအောင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်မှာ အနိုင်ရရှိတဲ့ ပါတီကို အာဏာလွှဲပြောင်းပေးအပ်ချိန်မှာ စနစ်တကျနဲ့ လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိဖို့ လိုတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။