ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့က မွေးဖွားလာတဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေး ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပပြုလုပ်တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်း အဝေးမှာ ကော်မတီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့တာပါ။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်တဲ့ အသက်(၈၅)နှစ်နဲ့ အထက် သက်ကြီးပုဂ္ဂိုလ်တွေကို ထောက်ပံ့တဲ့ လူမှုရေးပင်စင်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့က မွေးဖွားလာ တဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်တွေက အကျိုးခံစားခွင့် ရရှိသူ တွေကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက် နေတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဒါ့အပြင် အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေရာမှာ ကလေးငယ်တွေ အားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးစေလိုတယ်လို့ ဆိုပါတယ်။အလားတူ အလုပ်ရှင်တွေအနေနဲ့လည်း မိမိတို့ ဝန်ထမ်းတွေကို ပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစား ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။