အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ဇွန် ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးမှာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌအဖြစ် လည်းတာဝန်ယူထားတဲ့ နိုင်ငံတော်သမ္မတက အခုလို ပြောကြားခဲ့တာပါ။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေနဲ့ လုပ်ငန်းတာဝန်(၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ရေအရင်းအမြစ်တွေကို ထိရောက်စွာအသုံးချရေး၊ နွေကာလ ရေရှားပါးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ မြစ်ရေနည်းပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်ရေးအတွက် အစီအစဉ်တွေ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။အဲဒီအပြင် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ လျော့နည်းစေရေး အစီအမံတွေ ဆောင်ရွက်တာနဲ့ ရေအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းတွေ ရေးဆွဲဖို့ လိုအပ်တဲ့ ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်တွေ စုဆောင်းတာတွေကိုလည်း အလေးပေးဆောင် ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတက ပြောပါတယ်။

မိမိတို့ မြန်မာနိုင်ငံမှာ စီးဆင်းနေတဲ့ အဓိက မြစ်ကြီး ၄ သွယ် အပါအဝင် မြစ်ချောင်းတွေ ၊ သဘာဝ ရေကန်ကြီး တွေ ၊ စိမ့်တောတွေကနေ နှစ်စဉ်ရေချိုဧက ပေ သန်း ၈၀၀ ကျော် စီးဆင်းနေပြီး အဲဒီစီးဆင်းနေတဲ့ ရေချိုပမာဏ ရဲ့ရာခိုင်နှုန်း အနည်းငယ်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး ၊စက်မှုလုပ်ငန်းသုံးနဲ့ အိမ်သုံးရေ စတဲ့ ကဏ္ဍတွေမှာ သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရေချိုအရင်းအမြစ်တွေ ထိန်းသိမ်းအသုံးချဖို့ အနိမ့်တမံတွေ တည်ဆောက်ရေး၊ ရေအားလျှပ်စစ်တွေ ထုတ်လုပ်ရေး၊ မြို့ပြနှင့် ကျေးလက်သောက်သုံးရေ ပေးဝေရေး၊ စိုက်ပျိုးရေး ပေးဝေရေးနဲ့ ရေဆိုင်ရာ ထုတ်ကုန် တွေကို စီးပွားဖြစ်ထုတ်လုပ်ရေးအတွက် အလားအလာတွေ ရှာဖွေကြဖို့ လိုတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။




