နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုတွေနဲ့ပတ်သက်ပြီး သတိပေးထုတ်ပြန်မှုတွေဆောင်ရွက်ခဲ့ပေမယ့် အခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမယ်လို့ မှန်းဆမှုမရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်ကကျင်းပပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ သဘာဝဘေးအန္တရာယ်ဟာ ရှောင်လွှဲလို့မရပေမယ့် တတ်နိုင်သမျှထိခိုက်မှုလျော့နည်းအောင်နဲ့ အမြန်ပြန်လည် ထူထောင်ရေးဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ကာလတစ်လျှောက်ထိခိုက်မှုအကြီးမားဆုံးဖြစ်နိုင်ကြောင်းနဲ့ သင်ခန်းစာယူရမှာတွေနဲ့ ပြင်ဆင်ရတာတွေများစွာရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ ခန့်မှန်းချက်သတိပေးချက်တွေကို ထုတ်လွှင့်ရာမှာလည်း ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေထက် သာမန်ပြည်သူလူထုသတိပြုနားလည်နိုင်အောင် ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှုနဲ့ ဆက်စပ်ပြီးလည်း တရားဝင်ခွင့်ပြုပေးထားတဲ့ သစ်ကွင်းတွေက သယ်ယူနိုင်တာမရှိသေးတဲ့ သစ်လုံးကြီးတွေထုတ်ယူရာမှာ ဖြတ်တောက်ထားတဲ့ဖြတ်စတွေကလည်း တောင်ကျရေစီးကြောင်းတွေနဲ့အတူ မျောပါတိုက်စားခဲ့ပြီး ထိခိုက်ပျက်စီးမှုပိုမိုများပြားခဲ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။