နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ငွေပေးချေနိုင်ရေး တိုးချဲ့ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန/အဖွဲ့အစည်းတွေအနေနဲ့ ၂၀၂၃ ခုနှစ် မေလကစပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ပေးချေမှု စတင်ခဲ့တယ်လို့ဆိုပါတယ်။ ကတ်နဲ့ လစာငွေရယူတဲ့ ဝန်ထမ်းတွေ လစာ ထုတ်ယူရာမှာ အဆင်ပြေစေဖို့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ATM စက်တွေတပ်ဆင်ပေးထားပြီး ရန်ကုန်မှာ AMT စက် ၁၉၀၈ လုံး၊ မန္တလေးမှာ ၇၀၇ လုံး နဲ့ နေပြည်တော်မှာ ၃၃၂ လုံး တပ်ဆင်ထားရှိပြီး လိုအပ်မှုရှိလာရင်လည်းထပ်မံတိုးချဲ့ပေးမယ်လို့ ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။

အခုအခါ ပြည်ထောင်စုနယ်မြေရှိ အရာထမ်းတွေအပြင် အမှုထမ်းတွေပါ ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာပေးနိုင်ရေး၊ ရန်ကုန်နဲ့ မန္တလေးရှိ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးချေမှုတွေကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ တိုးချဲ့နိုင်ရေး သက်ဆိုင်ရာဘဏ်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့ ညွှန်ကြားချက်မှာပါရှိပါတယ်။
ဘဏ်အလိုက် Payroll Service ရယူမယ့် ဝန်ထမ်းအင်အားစာရင်း၊ ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းနဲ့ Payroll Service ရယူမယ့်အခြေအနေကို ဗဟိုဘဏ်ထံတင်ပြဖို့လိုအပ်မယ်လို့ ဗဟိုဘဏ်ကအသိပေးထားပါတယ်။ အဲဒါကြောင့် ဝန်ကြီး ဌာန/အဖွဲ့အစည်းတွေဟာ မိမိတို့ရဲ့ ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းနဲ့ လစာငွေပေးချေနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရမယ်လို့လည်းညွှန်ကြားထားပါတယ်။