နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် စေတနာရှင်အလှူရှင်တွေက ကျပ် ၃၂ ဘီလီယံကျော် ပေးအပ်လှူဒါန်းထားတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်က နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အလှူတော်ငွေတွေပေးအပ်လှူဒါန်းပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။
စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ရေဘေးကြောင့် လူဦးရေ ၄၁၉ ယောက်သေဆုံးခဲ့ပြီး ဘာသာရေးနဲ့ ပတ်သက်ပြီး ကျောင်း ၂၅၃ ကျောင်းနဲ့ လမ်းတံတား ၉၂၆ ခု ရေမျောပျက်စီးခဲ့တဲ့အပြင် လျှပ်စစ်မီးတိုင်တွေနဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေလည်း များစွာပျက်စီးခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
အလားတူ တိရစ္ဆာန်တစ်သိန်းကျော်သေဆုံးခဲ့ပြီး စပါးစိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ်ဘီလီယံ ၃၀ သတ်မှတ်ဆောင်ရွက်နေပြီး စေတနာရှင်အလှူရှင်တွေက ကျပ် ၃၂ ဘီလီယံကျော် ပေးအပ်လှူဒါန်းထားတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။