နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုတွေကြောင့် နောက်ဆုံးကောက်ယူရရှိထားတဲ့စာရင်းတွေအရ ရေဘေးရှောင်သူ ၄ သိန်းနီးပါးလောက်ရှိတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်က ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
နောက်ဆုံးကောက်ယူရရှိထားတဲ့စာရင်းတွေအရ အခုဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအနေနဲ့ နေပြည်တော်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ၂၂၆ ယောက်သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ယောက်၊ ရေစီးနဲ့မျောပါသူ ၁၂ ယောက်နဲ့ ဒဏ်ရာရသူ ၄၇ ယောက်ရှိတယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
လူနေအိမ်ပျက်စီးမှုအနေနဲ့ ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးက တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ ရေဝင်နစ်မြုပ်တဲ့နေအိမ် ၁၅၈၃၄၃ လုံးဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေအတွက် မိမိတို့အနေနဲ့ ထိုက်သင့်တဲ့ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးအသင့်စားခေါက်ဆွဲတွေအပါအဝင် အခြားစားသောက်ဖွယ်ရာတွေကို ထောက်ပံ့ပေးသွားမှာဖြစ် တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။