မြို့ရွာတွေမှာရေနုတ်မြောင်းစနစ်တွေကောင်းမွန်မှုမရှိတာကြောင့် ရေကြီးရေလျှံမှုတွေကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်ကကျင်းပပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ မြစ်ချောင်းတွေအတွင်း သဲနုန်းတွေအနည်ကျမှုများပြားလာတာကြောင့် မြစ်ချောင်းကြမ်းခင်းမြင့်တက်လာပြီး ရေကြီးရေလျှံမှုတွေကို ပိုမိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ သံလွင်မြစ်တွေမှာ ရွှေတူးဖော်တာနဲ့ကျောက်တူးဖော်တာတွေကြောင့် မြစ်အောက်ပိုင်းတွေမှာ နုန်းပို့ချမှုတွေများလာတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်မှာ တံတားတွေထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူပြီး တံတားတွေတည်ဆောက်ရာမှာလည်းအရှိန်အဟုန်နဲ့ ရေစီးဆင်းမှုဒဏ်ကိုခံနိုင်ရေးအတွက် စနစ်တကျထည့်သွင်းတွက်ချက်သွားဖို့လိုတယ်လို့ပြောပါတယ်။
ဒါ့အပြင် လာမယ့်အောက်တိုဘာ ၁ ရက်မှာ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေဆောင်ရွက်တော့မှာဖြစ်တဲ့အတွက် ရေဘေးရှောင်ပြည်သူတွေ နေရပ်မှာအမြန်ဆုံးပြန်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားဖို့လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။