ပဲခူးတိုင်းအတွင်းက ရေကြီးနစ်မြုပ်တဲ့ဒေသတွေမှာ အခြေခံစားသုံးကုန်တွေ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖွဲ့စည်းထားပြီးဖြစ်တဲ့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့တွေက အနီးကပ်ကြီးကြပ် စစ်ဆေးတာတွေ ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောပါတယ်။

ဇူလိုင်လ(၃၁)ရက်၊ မနက်ပိုင်းက သဘာဝကွပ်ကဲမှုရုံးမှာ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်ဖို့လိုတယ်လို့ပြောပါတယ်။
ဧရာဝတီမြစ်ရေနဲ့ မြစ်မခမြစ်ရေတို့ဟာ ပြန်လည်ကျဆင်းစပြုနေပြီဖြစ်တာကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ သန့်ရှင်းရေးပြုလုပ်ပေးဖို့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ တစ်ပါတည်း ဆောင်ရွက်သွားဖို့နဲ့ အစားထိုးသင်ကြားတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးသွားဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရေပြန်လည်ကျဆင်းသွားတဲ့ဒေသတွေရှိ သီးနှံစိုက်ခင်း အမျိုးအစားအလိုက် ရေနစ်မြုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧက၊ ပျက်စီးဧကစာရင်းတွေကို စနစ်တကျပြုစုထားဖို့နဲ့ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။