ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီ ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ လာမယ့် ဧပြီ ၁ ရက်က စတင်ပြီး အကျိုးသက်ရောက် စေမှာ ဖြစ်ပါတယ်။ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ရုံးခွန်အက်ဥပဒေ ဇယား(၁)ရဲ့ အမှတ်စဉ်(၁)ကို အစားထိုးရမှာဖြစ်ပြီး မူလကထက် ရုံးခွန်နှုန်းတွေ တိုးမြှင့်ထားတာ တွေ့ရပါတယ်။

ပေးဆောင်ရမယ့် ရုံးခွန်တွေအနေနဲ့ တရားမ တရားရုံး တစ်ခုခု ဒါမှမဟုတ် အခွန်အာဏာပိုင်ကို အဆိုလွှာ၊ အယူ ခံလွှာ၊ အပြန်အလှန် ကန့်ကွက်လွှာ တင်သွင်းမှုအတွက် အငြင်းပွားမှု ဖြစ်ပွားတဲ့ ပစ္စည်းပမာဏ ဒါမှမဟုတ် တန်ဖိုး ပေါ် မူတည်ပြီး ကျပ် သန်းတစ်ရာထက် မကျော်လွန်ပါက တန်ဖိုးအပေါ် သုည ဒသမ ၅ ရာခိုင်နှုန်း ဖြစ်တယ်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။ကျပ် ၁ ဘီလီယံအထိဆိုရင် ပေးဆောင်ရမယ့် ပုံသေရုံးခွန်မှာ ကျပ် ၁၀ သိန်း၊ ကျပ် ၃ ဘီလီယံအထိဆိုရင် ပုံသေ ရုံးခွန် ကျပ် ၁၅ သိန်း၊ ကျပ် ၃ ဘီလီယံထက် ကျော်လွန်ရင် အမြင့်ဆုံး ပုံသေရုံးခွန် ကျပ်သိန်း ၃၀ ဖြစ်တယ်လို့ လည်း ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။

ရုံးခွန်အက်ဥပဒေ ဇယား(၁)ရဲ့ အမှတ်စဉ်(၁၁)နဲ့ (၁၂)တို့ပါတဲ့ သေတမ်းစာ အတည်ပြုလက်မှတ်၊ အမွေထိန်းစာ လက်မှတ်၊ အမွေဆက်ခံခွင့်လက်မှတ် လျှောက်ထားမှုအတွက် ထိုက်သင့်တဲ့ ရုံးခွန်စာတိုင်မှာ ပါရှိတဲ့ “kyat 500,000” ဆိုတဲ့ စကားရပ်ကို “kyat 3,000,000 (Thirty Hundred Thousand Kyats)” ဆိုတဲ့ စကားရပ်နဲ့ အသီးသီး အစားထိုးရမယ်လို့ ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။