ရထားပို့ဆောင်ရေးစနစ်ဟာ တိုင်းပြည်တစ်ခုရဲ့အဓိကကျတဲ့ ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး အကျိုးရှိတဲ့စနစ်ဖြစ်တာကြောင့်ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အောက်တိုဘာ ၇ ရက် မနက်ပိုင်းက မြို့ပတ်ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)ကို သွားရောက်ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
အဓိက မီးရထားလမ်းပိုင်းတွေမှာ အမြန်နှုန်းတစ်နာရီကို ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်သွားဖို့လိုပြီး ကုန်ရထားတွဲတွေကို တစ်နာရီကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်း တွေ၊ ရထားတွဲတွေကိုလည်း ပြည်တွင်းမှာတည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေးဆောင်ရွက်သွားရမှာဖြစ်သလို လျှပ်စစ်ရထား(EMU)ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။