စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ PTTEP Internationalကုမ္ပဏီလီမိတက်တို့အကြား ရတနာကမ်းလွန်စီမံကိန်း အထွက်တိုးရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ကို ဧပြီ၉ရက်က လက်မှတ်ရေးထိုးခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။နိုင်ငံတော်ရဲ့ အားထားရတဲ့ ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်တဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့မြေမှာ အထွက်နှုန်းကျဆင်းလာတာကို ကုစားနိုင်ဖို့စွမ်းအင်ဝန်ကြီးဌာနနဲ့ PTTEPကုမ္ပဏီလီမိတက်တို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ စီမံဆောင်ရွက်ခဲ့တာြဖစ်တယ်လို့ အခမ်းအနားကို တက်ရောက်လာတဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စွမ်းအင်အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းကြရာမှာ သန့်ရှင်းတဲ့စွမ်းအင်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့အပေါ်မှာ မှီခိုအားထားလာကြပြီး သဘာဝဓာတ်ငွေ့လိုအပ်ချက် သိသာစွာမြင့်တက်လာခဲ့သလို ဈေးနှုန်းလဲမြင့်မားလာတယ်လို့ ဆိုပါတယ်။အဲဒီလိုတန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေဟာ မြန်မာနိုင်ငံမှာ ထိုက်သင့်တဲ့ပမာဏရှိနေတဲ့အတွက် စနစ်တကျထုတ်ယူပြီး အကျိုးရှိစွာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ ပြောပါတယ်။အခုချုပ်ဆိုတဲ့စာချုပ်အရ ပိုမိုထွက်ရှိလာမယ့် သဘာဝဓာတ်ငွေ့တွေကို မြန်မာနိုင်ငံပြည်သူတွေသာမက ထိုင်းနိုင်ငံပြည်သူတွေလည်း မျှဝေသုံးစွဲခွင့်ရရှိမယ့်အပေါ် ဝမ်းမြောက်မုဒိတာပွားမိတယ်လို့ ဦးကိုကိုလွင်က ပြောပါတယ်။