ယာယီနေရပ်စွန့်ခွာပြည်သူတွေအတွက် တစ်ယောက်ကို တစ်လ ကျပ်၂သောင်းနှုန်းနဲ့ အခုနှစ်ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယာယီနေရပ်စွန့်ခွာပြည်သူတွေအတွက် ထောက်ပံ့ငွေတွေကို ဖေဖော်ဝါရီ၁၁ရက်မနက်ပိုင်းက တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံပြီး ပေးအပ်ခဲ့တာပါ။ထောက်ပံ့ငွေတွေကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေစာရင်းအမှတ်တွေကို လွှဲအပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထောက်ပံ့ငွေတွေ ပေးအပ်ရာမှာ သက်ဆိုင်ရာနယ်မြေတွေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူတွေအားလုံးပါဝင်မှုရှိစေရေး၊ စာရင်းမှာမပါဝင်ဘဲ ကျန်နေခဲ့ရသူတွေမရှိစေရေး၊ စနစ်တကျထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားဖို့လိုတယ်လို့ ဆိုပါတယ်။အခုကောက်ယူရရှိထားတဲ့စာရင်းမှာမပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမယ့် ယာယီနေရပ်စွန့်ခွာနေရသူတွေရဲ့စာရင်းကိုလည်း စိစစ်ကောက်ယူပြီး ထပ်မံတင်ပြတောင်းခံဖို့နဲ့ စနစ်တကျ စိစစ်ထောက်ပံ့ပေးသွားဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။