သုတေသနနဲ့ တီထွင်ဆန်းသစ်မှုလုပ်ငန်းတွေ အားပေးမြှင့်တင်နိုင်ဖို့အတွက် Polytechnic University (၈) ခုကို အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ် ၁၂ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)မှာ ကျင်းပပြုလုပ် တဲ့ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
မိမိတို့ နိုင်ငံမှာ သိပ္ပံ၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေ ပိုမိုအားကောင်းစေဖို့၊ အရည်အသွေး ပြည့်မီပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နည်းပညာကျွမ်းကျင်တဲ့ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။