ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစား နဲ့ ငွေလိမ်လိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ နေရာတွေကို ဝင်ရောက် ရှင်းလင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၉ ဦး အပါအဝင် စုစုပေါင်း ၈၆ ဦးကို ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က မိုင်းရယ်မြို့နယ် ၊ မိုင်းဟဒေသတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက် နေတယ်ဆိုတဲ့ သတင်းတွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး နယ်မြေစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသ၊ နောင်ဟန်ရွာအနီးမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ယာယီအဆောက် အအုံ ၇ လုံးကို တွေ့ရှိတဲ့အတွက် ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ မှာ အသုံးပြုတဲ့ ဖုန်း ၁၈၁ လုံး၊ လက်ပ်တော့ ၂၅ လုံး၊ Disktop ၂၁ လုံး၊ Keyboard ၂၈ ခု နဲ့ Wifi စက် ၂ လုံး ၊ Starlink အင်တာနက်ဆက်သွယ်ရေးစက် ၂ စုံ နဲ့ ဆိုလာတွေ ဘတ်ထရီတွေ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက် ဝန်းကျင်မှာ ကျားဖြန့်လုံခြုံရေးအဖွဲ့တွ နဲ့ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မှာ ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်း နဲ့အတူ ကျားဖြန့် လုံခြုံရေး ငါးဦး၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား ကျား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၃ ဦး ၊ မ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဘက်က သေဆုံး ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့တယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၆ ရက်မှာ မိုင်းဟဒေသ၊ နောင်ဟန်ရွာတစ်ဝိုက်မှာ အသေးစိတ် စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံသား ကျား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဗီယက်နမ်နိုင်ငံသား မ ၁၈ ဦး၊ မြန်မာနိုင်ငံသား ကျား ၂ ဦး၊ မ ၂၅ ဦး တို့ကို တရားမဝင် အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၇၂ လုံး၊ Starlink အင်တာနက်စက် ၅ လုံး၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာလည်း နောင်ဟန်ရွာအနီးတစ်ဝိုက်မှာ တရုတ်နိုင်ငံသား ကျား ၁၂ ဦး၊ Alphard မော်တော် ယာဉ် တစ်စီး နဲ့ မီးစက်တစ်လုံးတို့နဲ့အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ပနိုင်ငံသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှု နဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။