ပြည်သူတွေ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ဖို့လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ၅၃ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားတဲ့ ဂုဏ်ပြု ဗီဒီယိုမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

အဲဒီလိုနေထိုင်နိုင်ဖို့အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ် စားသုံး နိုင်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြုမူရေး စတာတွေနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေး သုတေသနတွေကို တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်တွေကို ပြည်သူတွေသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန် အသိပညာပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်သူ့အကျိုးကိုရှေးရှုပြီး ပြည်သူတွေရဲ့ ကျန်းမာရေး အဆင့်အတန်း အခုထက်ပိုမိုမြင့်မားလာစေရေး၊ အခြေခံကျန်းမာရေးကောင်းမွန်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကူးစက်ရောဂါတွေနဲ့ မကူးစက်တတ်တဲ့ရောဂါတွေရဲ့ ဖြစ်ပွားတတ်တဲ့ သဘော သဘာဝကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်တွေ့အသုံးချသုတေသနတွေ၊ တိုင်းရင်းဆေးပညာ ဆိုင်ရာ သုတေသနတွေ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့် ဆောင်ရွက်သွား ကြဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှု ခံယူတဲ့အခါမှာ စိတ်ချမ်းသာရေး၊ လူနာ ဘေးကင်းလုံခြုံစိတ်ချရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုတွေ ပေးအပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ ဆေးရုံစီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းတွေကို တိုးမြှင့်ဆောင် ရွက် ပေးကြဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။