ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာ ၁ ရက် မနက်ပိုင်းကစပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိမြို့တွေမှာ စတင်ကောက်ယူနေပြီဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကသိရပါတယ်။
သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းကောက်တွေက တာဝန်ကျရာစာရင်းကောက်ကွက်တွေမှာ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet နဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ယောက်ချင်းကောက်ယူတဲ့ CAPI (ကပ်ပီ) စနစ်နဲ့ စာရင်းကောက်ယူနေတာဖြစ်ပါတယ်။
သန်းခေါင်စာရင်းကောက်ယူဖို့အတွက် အကြောင်းကြားစာကိုတော့ အိမ်ထောင်စုတိုင်းကို မကောက်ယူမီကြိုတင်ပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတုန်းက မေးခွန်းပေါင်း ၄၁ ခု မေးမြန်းခဲ့ပြီး အခု ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူချိန်မှာတော့ မေးခွန်းပေါင်း ၆၈ ခုကို စာရင်းကောက်တွေကမေးမြန်းသွားမှာဖြစ်ပါတယ်။
မေးမြန်းမယ့်မေးခွန်းတွေကတော့ အမည်၊ အိမ်ထောင်ဦးစီးနဲ့ တော်စပ်ပုံ၊ အသက်၊ မွေးသက္ကရာဇ်၊ ကိုးကွယ်တဲ့ဘာသာ၊ ဘာသာစကား၊ ကိုင်ဆောင်တဲ့လက်မှတ်အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်းရှိမရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း ၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာမှု၊ နေအိမ်အမျိုးအစားပိုင်ဆိုင်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းများ၊ အိမ်ရှိအခန်းအရေအတွက်၊ အိပ်ခန်းအရေအတွက်၊ သောက်သုံးရေရရှိမှု၊ အလင်းရောင်အတွက်မီးအသုံးပြုမှု၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစား၊ အမှိုက်စွန့်ပစ်မှုနဲ့ လွန်ခဲ့တဲ့ ၁၂ လအတွင်း အိမ်ထောင်စုဝင်တွေထဲက သေဆုံးမှုစတဲ့ မေးခွန်းတွေပါဝင်တယ်လို့သိရပါတယ်။
မေးမြန်းချက်တွေကို ပြည်သူတွေကမှန်ကန်စွာဖြေဆိုရင် နိုင်ငံတော်အတွင်းလိုအပ်နေတဲ့ စာသင်ကျောင်း၊ ဆေးခန်း၊ ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အား၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မသန်စွမ်းသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
သန်းခေါင်စာရင်းကောက်ယူရမယ့်ကာလကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၁၅ ရက် သတ်မှတ်ထားပေမယ့် လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ရက်တိုးမြှင့်ကောက်ယူဖို့ လိုအပ်ရင်သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီတွေက တင်ပြဆောင်ရွက်ဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားထားပါတယ်။