မန္တလေးမြို့မှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုံခြုံရေးအတွက် Guardian Link စနစ် အသုံးပြုပြီး ပြစ်မှုကျူးလွန်သူတွေကို အချိန်မီ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ မှုခင်းဖြစ်ပွားမှုနဲ့ တွေ့ရှိရတဲ့ အားနည်းချက်တွေ အပေါ် ရှင်းလင်းဆွေးနွေးတာနဲ့ Guardian Link စနစ်နဲ့ ပြစ်မှုကျူးလွန်သူတွေကို အချိန်မီ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်မယ့် အစီအမံ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရွှေဆိုင်တွေ၊ ဘဏ်တွေ၊ ဟိုတယ်တည်းခိုခန်း စတဲ့ လုပ်ငန်းရှင်တွေကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မှုခင်းဖြစ်ပွားမှုနဲ့ တွေ့ရှိရတဲ့ အားနည်းချက်တွေကို ရှင်းလင်းဆွေးနွေးခဲ့တာ ဖြစ်ပြီး လုံခြုံရေး အဆင့် မြှင့် တင်နိုင်မယ့် Guardian Link စနစ် တပ်ဆင်အသုံးပြုနိုင်ရေးအတွက်လည်း ရှင်းလင်းပြောကြားပါတယ်။Guardian Link စနစ်မှာ တပ်ဆင်ထားတဲ့ စက်ကိရိယာဟာ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ အတွက် အရေးပေါ်အခြေအနေ ကြုံလာရင် ချက်ချင်းအကြောင်းကြားနိုင်မှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အ မြန်ဆုံး ဖမ်းဆီးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Guradian Link နည်းပညာနဲ့ စက်ပစ္စည်းတပ်ဆင်အသုံးပြုမယ်ဆိုရင် ငွေကျပ် ဆယ့်နှစ်သိန်းနဲ့ လစဉ်ကြေး ငွေကျပ် နှစ်သောင်းကျော်သာ ကျသင့်မှာပါ။ ဒါ့ကြောင့် စိတ်ဝင်စားပြီး ကြိုတင်စာရင်းပေး မှာယူသူ များပြားနေ တယ်လို့ သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရွှေဆိုင်ဓားပြတိုက်ခံရမှု ၁ဝ မှု၊၂၀၂၅ ခုနှစ်မှာ ၄ မှု ဖြစ်ပွား ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။