ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ နေပြည်တော်ရှိ ဝန်ကြီးဌာနတွေက ဝန်ထမ်းအိမ်ရာတွေအစား ယာယီဝန်ထမ်း အိမ်ရာတွေကို ဆောက်လုပ်နေရာ လက်ရှိမှာ ယာယီဝန်ထမ်းအိမ်ရာ ၃၇ လုံး ဆောက်လုပ်ပြီးပြီ ဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနမှာ ယာယီဝန်ထမ်းအိမ်ရာ ၇၅ လုံးတည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ပေ ၄၀/၂၂ ပေရှိတဲ့ ၂ ခန်းတွဲ ၁၀ လုံးနဲ့ ပေ၂၀/၂၂ပေ ရှိတဲ့ ၂ ခန်းတွဲ ၇ လုံး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးဌာနမှာတော့ ၄၅ ပေ/၂၄ ပေ ရှိတဲ့ ၁၀ ခန်းတွဲ ဘားတိုက် ၂ လုံး၊ ၃၆ ပေ/၁၅ ပေ ရှိတဲ့ ၃ ခန်းတွဲ ၁၇ လုံးနဲ့ ၂၄ ပေ/၁၅ ပေ ရှိတဲ့ ၂ ခန်းတွဲ ၁ လုံးတို့ တည်ဆောက်ပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မေလ ၄ ရက် နေ့လယ်ပိုင်းမှာ ဝန်ကြီးဌာနတွေက ယာယီရုံးခန်းတွေကို Modular House တွေနဲ့ တည်ဆောက် ထားရှိမှု၊ ယာယီဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပြီးစီးမှု အခြေအနေတွေ၊ ဆောက်လုပ်ပြီးစီးတဲ့ ယာယီဝန်ထမ်း အိမ်ရာတွေမှာ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေ နေထိုင်နေတဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။