၂၀၂၅ အလွန် ငြိမ်းချမ်းရေး အခင်းအကျင်းနဲ့ ရွေးကောက်ပွဲ အလားအလာ သုံးသပ်ဆွေးနွေးပွဲ Peace Forum 2025 ကို လာမယ့် ဇွန် ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ကနေ သိရပါတယ်၊၊ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး ဖိုရမ်တက်ရောက်သူတွေ အနေနဲ့ ဆွေးနွေးမယ့် ခေါင်းစဉ်အလိုက် နက်ရှိုင်းစွာ ပါဝင်ဆွေးနွေးနိုင်စေဖို့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ခေါင်းစဉ်တွေအလိုက် ပြည်ပနိုင်ငံ ၆ နိုင်ငံက Think Tank ပညာရှင်တွေ၊ ပြည်တွင်းက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်တွေက ပါဝင်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ငြိမ်းချမ်းရေးဖိုရမ်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေတွေ၊ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့အတွက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ သက်ဆိုက်သူတွေ၊ ပြည်တွင်း ပြည်ပက ပညာရှင်တွေ၊ သတင်း မီဒီယာတွေ၊ ကဏ္ဍအသီးသီးကနေ တက်ရောက်လာကြသူတွေရဲ့ အမြင်သဘောထားတွေ၊ အတွေ့အကြုံတွေ မျှဝေဖလှယ်တာနဲ့ အလွတ်သဘော ကျယ်ပြန့်စွာ ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 ကိုလည်း ပြီးခဲတဲ့ မတ်လ ၂၄ ရက်ကနေ ၂၆ ရက်အထိ နေပြည်တော် ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာနမှာ ၃ ရက်တိုင်တိုင် ကျင်းပခဲ့ပါသေး တယ်။