နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ ၂၇ ရက် မှာ ပြဋ္ဌာန်းပါတယ်။ အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဇ)ကို “ရာထူးဝန်အဖွဲ့က ရာထူးအဆင့် အလိုက် သတ်မှတ်ထားတဲ့ သင်တန်းတွေအပြင် ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းက ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ရာထူးတာဝန်အတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ အဆင့်မြင့်သင်တန်းတွေကိုလည်း တက်ရောက်ခြင်း” ဆိုတာနဲ့ အစားထိုးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၉ ကိုတော့ “အထူးကိစ္စရပ်မှ အပ ဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထားရာမှာ ရာထူးဝန် အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ သင်တန်းတက်ရောက်ပြီးသူဖြစ်ရမယ်” ဆိုတာနဲ့ “ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းက ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးတာဝန်အတွက် ရည်ရွယ် ဖွင့်လှစ်တဲ့ အဆင့်မြင့် သင် တန်း တက်ရောက်ပြီးသူ ဖြစ်ရမယ်” ဆိုတာနဲ့ အစားထိုးရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၃၅ ပါ “ဗဟိုဝန်ထမ်းတက္ကသိုလ်များ” ဆိုတဲ့ စကားရပ်ကို “နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များ” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့လည်း ပြင်ဆင်ပြဋ္ဌာန်းပါတယ်။နိုင်ငံ့ဝန်ထမ်းဥပဒေကိုတော့ ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ အဖြစ် ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။