နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်မှာ တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ကောင်းမွန်နေတဲ့ အခြေအနေတွေ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ အချင်းချင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်နေသလို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ကောင်းမွန်နေတဲ့ အခြေအနေ တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ တရားမဝင် လူကုန်ကူးမှုတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေ၊ ထိုင်းနိုင်ငံ က မြန်မာ ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေနဲ့ လှေလုပ်သားတွေအပေါ် မြန်မာနိုင်ငံက အရေးယူ ထားရှိမှုနဲ့ ဆက်လက်ဆောင်ရွက်လိုတဲ့ အစီအစဉ်တွေ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် တပ်မတော်အရာရှိ ကြီးတွေ ချစ်ကြည်ရေးခရီးတွေ လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။