နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ မေ ၇ ရက်၊ မနက် ၇ နာရီခွဲလောက်က အထူးလေယာဉ်နဲ့ နေပြည်တော် တပ်မတော်လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ကောင်စီဝင်တွေ၊ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးတွေက လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၉ ရက်မှာ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်သွားမှာပါ။ဒါ့အပြင် အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးတာတွေ ဆောင်ရွက်သွားမှာဖြစ်သလို ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဇနီးဒေါ်ကြူကြူလှကလည်း ရုရှား နိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာ မတ်ဗီယန်ကိုနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာ ဘရွှေနဲ့ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဝန်ကြီးတွေနဲ့ အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားတာ ဖြစ်ပါတယ်။