နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အခမ်းအနားကို တက်ရောက်မယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ပါတယ်။

ချစ်ကြည်ရေး ခရီးစဉ်ကိုတော့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အခမ်းအနား နဲ့ ဆက်စပ်အခမ်းအနားတွေ တက်ရောက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးတာတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ် အတွင်း နှစ်နိုင်ငံ အစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဇနီး ဒေါ်ကြူကြူလှကလည်း ရုရှား နိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာ မတ်ဗီယန်ကိုနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ခရီးစဉ်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အဆင့်မြင့် အရာရှိ ကြီးတွေ လိုက်ပါသွားမယ်လို့ သိရပါတယ်။