ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၄ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီက မော်စကိုမြိုရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ အညတရစစ်သည်ဂူဗိမာန်မှာ ဂုဏ်ပြုပန်းခွေချ အလေးပြုပါတယ်။

အဲဒီအခမ်းအနားကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစက တွဲဖက်အတွင်း ရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးညိုစော၊ နစကဥက္ကဋ္ဌ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ခရီးစဉ်မှာလိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ စစ်ဘက်၊ နယ်ဘက်က တာဝန်ရှိသူတွေ တက်ရောက် ကြတယ်လို့ သိရပါတယ်။
အခု ၂၀၂၅ ခုနှစ်ဟာ ရုရှား-မြန်မာ သံတမန် ဆက်ဆံရေး (၇၇)နှစ် ပြည့်မြောက်တဲ့နှစ်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်သွယ် ဆက်ဆံမှု၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ အပြန်အလှန်လည်ပတ်မှု၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ဖြစ်ပေါ်နေပြီး ဆက်လက်ပြီးလည်း ဆက်သွယ်ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။