နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒေသစံတော်ချိန် မတ်လ ၈ ရက်၊ ဒေသစံတော်ချိန် နေ့လယ်ပိုင်းက ဆာမာရာမြို့ရှိ JSC Progress စက်ရုံကိုရောက်ရှိပြီး ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (State Space Corporation -ROSCOMOS) ရဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဒီမီထရီဘာကာနော့ဗ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေး ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှိမယ့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အာကာသနည်းပညာသင်တန်းတွေ တက်ရောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ပညာတော်သင်တွေ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံနဲ့ ဆာမာရာမြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ တိုးတက်အောင် ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ တခြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက ဂြိုဟ်တုတွေကိုအသုံးပြုပြီး သဘာဝဘေးအန္တရာယ် စောင့်ကြည့်မှုအခြေအနေတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်စေရေး သုတေသနပြုဆောင်ရွက်နိုင်မှု အခြေအနေတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှု အခြေအနေတွေ၊ ဂြိုဟ်တုဓာတ်ပုံရိုက်ကူးရေးနဲ့ ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဂြိုဟ်တုလွှတ်တင်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ ဒုံးပျံတပ်ဆင်ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ အာကာသစခန်းတည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံမှာ အာကာသပြတိုက် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ဖို့အတွက် ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဝင်တွေဟာ စက်ရုံအတွင်းဂြိုဟ်တုတွေတပ်ဆင်ထုတ်လုပ်မှုနဲ့ ဒုံးပျံထုတ်လုပ်မှုတွေကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (State Space Corporation -ROSCOMOS) ရဲ့ ညွှန်ကြားရေးမှူးချုပ်က နေ့လယ်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ပါတယ်။JSC Progress စက်ရုံဟာ လေယာဉ်တွေ၊ ဒုံးပျံတွေနဲ့ အာကာသယာဉ်တွေအတွက် မော်တာနဲ့ အင်ဂျင်တွေကို ထုတ်လုပ်ပေးနေသလို ရုရှားနိုင်ငံရဲ့ အာကာသစူးစမ်းလေ့လာရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ နည်းပညာတွေ နဲ့ ပစ္စည်းကိရိယာတွေကို ထုတ်လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။