တောင်ငူမြို့ရိုးနဲ့ ကေတုမတီနန်းတော်ရာနေရာတွေကို ပြန်လည်ဖော်ထုတ်သွားဖို့လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားပါတယ်။
ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာတွေ ပြုပြင်ထိန်းသိမ်းဖို့ ဆောင်ရွက်နေမှုအခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ တာဝန်ရှိသူတွေကိုမှာကြားခဲ့တာ ဖြစ်ပါတယ်။
ကေတုမတီမြို့ရိုးဟာ ပြန်လည်ဖော်ထုတ်သင့်တဲ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းအရ အထောက် အထားသေချာတဲ့နေရာတွေကို ပြန်လည်ဖော်ထုတ်သွားဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ အလားတူ မြို့ကွက်အသစ်တွေဖော်ထုတ်တာနဲ့ ရွှေ့ပြောင်းလို့ရတဲ့ အစိုးရရုံးဌာနဆိုင်ရာ အဆောက်အဦတွေကို ဦးစွာ ပြောင်းရွှေ့သွားဖို့ လိုတယ်လို့လည်းဆိုပါတယ်။
ကေတုမတီနန်းတော်ရာနဲ့ပတ်သက်ပြီး အတည်ပြုလို့ရတဲ့နေရာတွေနဲ့ ဘုတ်တလုတ်ကန်နေရာတွေကို ပြန်လည်ဖော်ထုတ်ရာမှာ ရှေးဟောင်းဥပဒေနဲ့အညီဆောင်ရွက်ရမှာဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်နေရာတွေကို ဥပဒေနဲ့အညီ ကာကွယ်ထိန်းသိမ်းဆောင်ရွက်လိုကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားခဲ့ပါတယ်။