အွန်းလိုင်းက ရုပ်ရှင်တွေနဲ့ဗီဒီယိုဇာတ်ကားတွေကို တရားမဝင်ခိုးယူပြီး ထုတ်လွှင့်နေမှုတွေကို ပြည်သူတွေသိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်သွားဖို့စီစဉ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်ကပြောပါတယ်၊၊
စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာကာကွယ်တားဆီးရေးအဖွဲ့ စတုတ္တအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊

ရုပ်ရှင်နဲ့ဇာတ်ကားတွေ တရားမဝင်ခိုးယူဖြန့်ချိတာတွေနဲ့ပတ်သက်ပြီး တိုင်ကြားလာရင် အချိန်နဲ့တစ်ပြေးညီအရေးယူဆောင်ရွက်နိုင်ဖို့ Contact List အဖြစ် အဖွဲ့ဝင်တွေရဲ့ဖုန်းနံပါတ်တွေကို viber နဲ့ Telegram ဂရုတွေဖွဲ့ပြီး ဆောင်ရွက်နေကြောင်းနဲ့ငွေကြေးအကုန်အကျခံပြီးထုတ်လုပ်ထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေကို တရားမဝင်ခိုးယူဖြန့်ချိမှုပပျောက်ဖို့ ဝိုင်းဝန်းတိုက်ဖျက်သွားကြရမှာဖြစ်ကြောင်းလည်း ဦးရဲတင့်ကပြောကြားခဲ့ပါတယ်၊၊
ဒါ့အပြင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်တာ၊ ရုပ်ရှင်ဆိုင်ရာ Application တွေနဲ့ ထုတ်လွှင့် တာ၊ ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လွှင့်ပြသတာစတဲ့ လုပ်ငန်းတွေကိုစိစစ်ပြီး တရားဝင်ခွင့်ပြုပေးနေသလို ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ထုတ်လွင့်ပြသမယ့်ရုပ်ရှင်ဇာတ်ကားတွေကိုတင်ပြလာရင်လည်း စိစစ်ပေးနိုင်ဖို့ စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ပြောပါတယ်။