တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟာ မှောင်ခိုပစ္စည်းဖမ်းဆီးတာထက် ပိုမိုကျယ်ပြန့်တယ်ဆိုတာကို တာဝန်ရှိ သူတွေက သိရှိပြီး ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဦးဆောင်ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလို ပြောကြား လိုက်တာပါ။

နိုင်ငံရဲ့ ပထဝီအနေအထားအရ တရားမဝင် ဝင်ထွက်ပေါက်တွေကို ထိန်းချုပ်ဖို့ခက်ခဲပေမယ့် ဝင်ပေါက်တွေကို ထိန်းချုပ်နိုင်တဲ့ အဓိကကျတဲ့ လမ်းကြောင်း/နေရာတွေရှိပြီး အဲဒီနေရာတွေမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှုနဲ့ နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဆောင်ရွက် မယ်ဆိုရင် အခုထက် ပိုမိုဖမ်းဆီးဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် နယ်စပ်ဂိတ်တွေအနီးရှိ ဂိုဒေါင်တွေမှာလည်း တရားမဝင်ကုန်ပစ္စည်းတွေကို သိမ်းဆည်းပြီး ဖြန့်ချိတာ တွေလည်းရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးအရေးယူဖို့ လိုတယ်လို့ ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိတဲ့တန်ဖိုးတွေအနေနဲ့ ၂၀၂၂ခု နှစ်မှာ ငွေကျပ် ၆၅ ဘီလီယံ၊ ၂၀၂၃ ခုနှစ်မှာ ၁၃၅ ဘီလီယံ ကျော်၊ ၂၀၂၄ ခုနှစ်မှာ ၂၂၃ ဘီလီယံရှိခဲ့တယ်လို့ ဆိုပါတယ်။ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိတဲ့ တန်ဖိုးဟာ နှစ်အလိုက်တိုးလာခဲ့ပေမယ့် အခုထက်ပိုပြီး ထိရောက်တဲ့ ဖမ်းဆီးမှုတွေ တိုးမြှင့်ဆောင်ရွက်သွားကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့ပါတယ်။