တပ်မတော်စစ်ကြောင်းတွေက အောက်တိုဘာ ၁ ရက်၊ ညနေ ၄ နာရီခန့်မှာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

တပ်မတော်အနေနဲ့ နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ကုန်စည်စီးဆင်းမှု အတွက် အဓိကအရေးပါတဲ့ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချို-ကျောက်မဲ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်တဲ့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၁ ရက်မှာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။စစ်ဆင်ရေးကာလ ၂၁ ရက်အတွင်း တိုက်ပွဲကြီး ၃၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၆၁ လောင်း၊ လက်နက် ၄၁ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်က အရာရှိ၊ စစ် သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်မဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ဒေသခံတိုင်းရင်းသားပြည်သူတွေကလည်း တပ်မတော်စစ်ကြောင်းတွေကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တပ်မတော်စစ်ကြောင်းတွေက ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဒေသခံ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေး လိုအပ် တဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးနေသလို ကမ္ဘာ့သမိုင်းဝင် ဂုတ်ထိပ် မီးရထား လမ်းတံတား ပျက်စီးမှုအပိုင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြုပြင်နေရာမှာ အခုအခါ ၅၉ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။




