နိုင်ငံအတွင်းမှာ ဆိုလာစီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒေသအလိုက် သက်ဆိုင်ရာဌာနတွေက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုတယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်၊၊ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြား ခဲ့တာပါ၊၊

နိုင်ငံတော် ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၈ ရုံ ကနေ စုစုပေါင်း တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်ရှိပြီး နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်က နှစ်စဉ် ၁၅ ရာခိုင်နှုန်းလောက် တိုးတက်နေကာ လက်ရှိအချိန်ထိ လျှပ်စစ်ဓာတ်အားရရှိမှု အချိုးက ၆၈ ဒသမ ၆၉ ရာနှုန်း ကျော် ရရှိသုံးစွဲနေပြီ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်၊၊ထုတ်လုပ်မှုကို ကာမိစေဖို့အတွက် တည်ဆောက်ဆဲစီမံကိန်း ၁၀ ခုကနေ စုစုပေါင်းတပ်ဆင်စက် အင်အားက ၁၀၂၆ မဂ္ဂါဝပ်ရှိပေမဲ့ အခက်အခဲတွေကြောင့် အကောင်အထည်ဖော်မှု နှောင့်နှေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ စုစုပေါင်း တပ်ဆင်အင်အား ၆၅၂၀ မဂ္ဂါဝပ်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ စွမ်းအင်အမျိုးအစား ပါဝင်မှုမှာတော့ ရေအားလျှပ်စစ်က ၅၀ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့က ၄၃ ရာခိုင်နှုန်း၊ ကျောက်မီးသွေးက ၂ ရာခိုင်နှုန်း၊ ဆိုလာက ၄ ရာခိုင်နှုန်းနဲ့ ဒီဇယ်က ၁ ရာခိုင်နှုန်း ထုတ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။