ရှိရင်းစွဲ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် အကောင်အထည်ဖော် ဆောင်နိုင်မှု မရှိခဲ့တာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှု မရှိတာ ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မေ ၂၀ ရက်က ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ ပြောကြားခဲ့တာပါ။

လျှပ်စစ်နဲ့ ပတ်သက်ပြီး မိမိတို့နိုင်ငံမှာ လိုအပ်ချက်ပြည့်မီမှု မရှိသေးဘဲ လျှပ်စစ်စွမ်းအင် မရှိရင် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေကို ထိုက်သင့်သလောက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှု မရှိရင် မဂ္ဂါဝပ်(၆၀၀၀)လောက် ရရှိနိုင်မှာဖြစ်ပြီး ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အား လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်တဲ့ အနေအထားကိုပင် ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ရေအားလျှပ်စစ် စီမံကိန်းတွေကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေတဲ့ မြစ်ချောင်းတွေပေါ်မှာ ဆောင်ရွက်လို့ ရပေမယ့် အချို့နေရာတွေမှာ လုံခြုံရေးအခြေအနေအရ စီမံကိန်းတွေ ရပ်တန့်ထားရတာတွေ ရှိတဲ့အတွက် လုပ်ဆောင်လို့ ရနိုင်တဲ့ နေရာတွေမှာ ဖော်ထုတ်ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အနိမ့်တမံတွေ ပြုလုပ်ပြီးလည်း ရေအားလျှပ်စစ် ထုတ်ယူရရှိနိုင်မှာဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ လျှပ်စစ်စွမ်းအင် ထုတ်ယူပြီး ဆောင်ရွက်သင့်သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း Small Skill ဆိုလာစက်ရုံတွေကို ဆောင်ရွက်သင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ဒါ့အပြင် ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။