ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနဲ့ပတ်သက်ပြီး ငွေကြေးတွေ တောင်းယူခွဲဝေယူခဲ့ကြတဲ့ ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အပါအဝင် ဝန်ထမ်းတွေကို ဥပဒေနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်ပါတယ်။တာဝန်သိပြည်သူတစ်ယောက်ရဲ့ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှု ထမ်း ဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် ဇန်နဝါရီ ၂၆ ရက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြေပြင်သတင်းစိစစ် ဖော်ထုတ်ခဲ့ရာမှာ အခုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာပါ။

ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီလောက်က ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော် တို့ ဦးဆောင်တဲ့ ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့ဟာ ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့် စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့် အသက်(၂၄) နှစ်ဟာ ဧည့်စာရင်းတိုင်ကြားထား ခြင်းမရှိဘဲ ရောက်ရှိနေထိုင်နေတဲ့အတွက် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမယ်လို့ ဆိုပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် မောင်ကျော်မင်းခန့်ရဲ့ မိဘတွေထံကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်း စာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ယောက်ကို လူစား လဲလှယ်ပေးမယ်လို့ ဆက်သွယ်ပြောဆိုလာခဲ့တာကြောင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီလောက်မှာ မောင်ကျော်မင်းခန့်ရဲ့ ဖခင်ဖြစ်သူက သွားရောက်ပေးဆောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်စိစစ်ဖော်ထုတ်ချက်တွေအရ အဲဒီ ငွေကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မယ့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်မှာ နေထိုင်တဲ့ သန်းစိုးထိုက် က ၅၀ သိန်း အသီးသီး ခွဲဝေယူခဲ့တယ် လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဖြစ်စဉ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူတွေကို တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်ပြီး ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်ရဲ့ မိသားစုတွေထံကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဇန်နဝါရီ ၂၆ ရက်၊ ည ၉ နာရီခွဲမှာ ပြန် လည် ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့ကြောင့် တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ စစ်မှုထမ်းတွေကို ဆင့်ခေါ်ရာမှာ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ ဥပဒေသတ်မှတ်ချက်တွေ အတိုင်းသာ ဆင့်ခေါ်သွားဖို့ နဲ့ ငွေကြေးတွေ တောင်းခံတာ လူစားထိုးလဲလှယ်တာတွေ မရှိစေရေး တာဝန်ရှိသူတွေက အသိပညာပေးမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် ပြည်သူတွေ အနေနဲ့လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီဆင့်ခေါ်မှု မရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ဆက်သွယ်သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက် ပေးဖို့ အသိပေး သတင်း ထုတ်ပြန်ထားပါတယ်။