ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်း စတဲ့ ဒေသတွေက ရှေးဟောင်း အမွေအနှစ်အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနက အဖွဲ့(၈)ဖွဲ့ ဖွဲ့စည်းပြီး UNESCO Guide Line နဲ့အညီ ဆောင်ရွက်နေပြီး Assessment တွေ ကောက်ယူနေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ဟာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးအောင်ကျော်မိုး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနဲ့ သာသနာရေးဦးစီးဌာန တွေက တာဝန်ရှိသူတွေနဲ့အတူ ဧပြီ ၂၉ ရက် မနက်ပိုင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးခရိုင်၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အအုံတွေကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ရာမှာ အခုလို ပြောကြားခဲ့တာပါ။

ထိခိုက်ပျက်စီးမှု ကြီးမားများပြားတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို အလျင်စလို မပြုလုပ်ဘဲ ဘေးအန္တရာယ် ကင်းရှင်းအောင် ဦးစွာဆောင်ရွက်ပြီး စနစ်တကျရှင်းလင်းဖယ်ရှားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြတိုက်အတွင်း ပြသထားတဲ့ ပစ္စည်းတွေကို ကြိုးစားပြုပြင်ဖို့၊ ထပ်မံထိခိုက်မှု မရှိစေဖို့အတွက် နေရာပြောင်းရွှေ့ထားဖို့နဲ့ ရှားပါးသစ်သားလက်ရာဖြစ်တဲ့ ပလ္လင်တံကဲကို စနစ်တကျ နံပါတ်တွေတပ်ပြီး ဖြုတ်သိမ်းထားရှိဖို့တို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့တယ်လို့ သိရပါတယ်။