မန္တလေးငလျင်ကြီးကြောင့် မူလထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလီယံ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မေ ၂၉ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အလှူငွေ ပေးအပ် လှူဒါန်းပွဲမှာ ပြောကြားခဲ့တာပါ။

ငလျင်ကြီးကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာရှိတဲ့ လူဦးရေ ငါးသိန်းကျော် ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၇၃၉ ယောက်၊ ပျောက်ဆုံးသူ ၆၈ ယောက်နဲ့ ဒဏ်ရာရသူ ၅၁၀၄ ယောက် ရှိတယ်လို့ ဆိုပါတယ်။နေအိမ် ၊ အဆောက်အဦနဲ့ အခြားထိခိုက်ပျက်စီးမှုတွေအနေနဲ့ လူနေအိမ် ၅၁၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာ နဲ့ ရထားလမ်း တံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေး စခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်တိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာန အဆောက်အဦ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနဲ့ ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိက စာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ အခြား ဘာသာရေး အဆောက်အဦ ၅၅၈၈ ခု၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒုတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲမှာတော့ ပြည်တွင်း၊ ပြည်ပ စေတနာရှင် အလှူရှင်တွေရဲ့ လှူဒါန်းမှု အနေနဲ့ အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် အဆောက်အဦတစ်လုံးကို ကျပ်သိန်း ၂၀၀၀၀ နှုန်းနဲ့ အလုံး ပေါင်း ၅၁ လုံး အပါအဝင် စုစုပေါင်း တန်ဖိုး ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂၃၁၄၉၀၀ ဖြစ်တယ်လို့ သိရပါတယ်