စည်သူဘွဲ့ ရရှိသူ ၁၃ ယောက် အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ အယောက် ၅၀ ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းတဲ့ အခမ်းအနားကို မတ်လ ၁၆ ရက်၊ မနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သဘင်ဆောင်မှာ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာမှာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်စေဖို့ ဘက်စုံထောင့်စုံက ကြိုးပမ်းတည်ဆောက်နေရာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးရဲ့ အင်အားဟာ အဓိကကျပြီး အားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ အရေးကြီးတယ်လို့ ပြောကြားပါတယ်။နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်သူတစ်ယောက်ချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်း အားတွေနဲ့ ပူးပေါင်းပါဝင်မှု အင်အားနဲ့သာ အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်တွင်းက ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံထိုက်သူတွေကို သာမက ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုးကို စိတ်ကောင်းစေတနာ အပြည့်နဲ့ စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့အတွက် ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တွေ ချီးမြှင့်အပ်နှင်းနေတယ်လို့လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းတဲ့ အခမ်းအနားမှာတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့) နဲ့ မတ်လ ၂ ရက်(တောင်သူလယ်သမားနေ့)တို့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်တဲ့ စည်သူဘွဲ့ ၁၃ ယောက်၊ သူရဘွဲ့ ၃ ယောက်၊ ဇေယျကျော်ထင်ဘွဲ့ ၁၇ ယောက်၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၄ ယောက်၊ အလင်္ကာကျော်စွာဘွဲ့ ၁ ယောက်၊ သိပ္ပကျော်စွာဘွဲ့ ၂ ယောက် စုစုပေါင်း အယောက် ၅၀ တို့ကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။