လက်ရှိမှာဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခေတ္တလာရောက်နေထိုင်သူတွေကိုလှူဒါန်းကြတဲ့အလှူရှင်တွေအနေနဲ့ ချက်ပြုတ်ထားတဲ့အစားအစာတွေကိုလှူဒါန်းတာတွေမပြုလုပ်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကထုတ်ပြန်ထားပါတယ်၊၊
ပတ်ဝန်းကျင်ရာသီဥတုအခြေအနေတွေအရ အလှူရှင်တွေကပြင်ဆင်ချက်ပြုတ်လာတဲ့ အစားအသောက်တွေကို ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေတဲ့ ရောဂါတွေပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်တာနဲ့ စားသုံးဖို့မသင့်တဲ့အခြေအနေတွေကို ရောက်ရှိစေနိုင်တယ်လို့ဆိုပါတယ်၊၊
အဲဒီအစားအသောက်တွေကိုစားသောက်မိရင် အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာစတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါတွေဖြစ်ပေါ်နေမှုတွေကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ပိုမိုဒုက္ခကြုံတွေ့စေတယ်လို့သိရပါတယ်၊၊
ဒါကြောင့် အလှူရှင်တွေအနေနဲ့ အစားအသောက်တွေလာရောက်လှူဒါန်းရာမှာ ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေနဲ့ လှူဒါန်းတာတွေမပြုလုပ်ဘဲ စခန်းတွေကနေထိုင်သူတွေကို ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ဖို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနဲ့ ချက်ပြုတ်ဖို့ လတ်ဆတ်တဲ့အသား၊ ငါး၊ စတာတွေကို ပေးပို့လှူဒါန်းတာ၊ ပေးပို့လှူဒါန်းတဲ့မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့တွေကတစ်ဆင့်သာပေးပို့လှူဒါန်းတာနဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့စီမံခန့်ခွဲမှုအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေက စခန်းတွေမှာ လှူဒါန်းကြတဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့နဲ့ သန့်ရှင်းမှုရှိစေဖို့ ကြီးကြပ်စစ်ဆေးတာတွေကို ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။