ခေတ်မီဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို သုံးစွဲသူပြည်သူတွေ ရရှိခံစားစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြော ပါတယ်၊၊ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပပြုလုပ်တဲ့ မြန်မာ့ စီးပွားရေးဘဏ်ရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ် စာရင်း ပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ၊၊

ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်သူ ပြည်သူတွေအနေနဲ့ ဘဏ်နဲ့အကျွမ်းတဝင်ရှိလာပြီး ဘဏ်လုပ်ငန်းတွေမှာ ယုံကြည်မှုရှိစွာနဲ့ အားလုံးပါဝင် ဆောင်ရွက်လာနိုင်စေရေးအတွက် ပြည်သူတွေကို ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာနဲ့ ခေတ်မီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ရရှိခံစားစေဖို့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။မြန်မာ့စီးပွားရေးဘဏ်ဟာ ပြည်သူတွေ ယုံကြည်စိတ်ချရတဲ့ နိုင်ငံပိုင်ဘဏ်ကြီးဖြစ်ပြီး ပြည်သူတွေက အပ်ငွေ တွေကို တိုးမြှင့်အပ်နှံလာစေရေး၊ အပ်ငွေတွေကို ထိရောက်စွာအသုံးချပြီး အရည်အသွေးပြည့်ဝတဲ့ ချေးငွေတွေကို ဘဏ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ထုတ်ချေးရေးနဲ့ ချေးငွေသုံးစွဲမှုတွေကို စနစ်တကျ ဖြစ်စေရေးအတွက် မန်နေဂျာတွေက စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။

ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရေး၊ ကြွေးကျန်တွေ လျော့နည်း ကျဆင်းလာရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပြီး ဘဏ်လုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ကြီးကြပ်နိုင်ရေးအတွက် ဘဏ်တွင်းစာရင်းစစ်ဌာနခွဲကနေ ဘဏ်ခွဲတွေကို ပုံမှန်စစ်ဆေးတာ၊ သွားလာဖို့ခက်ခဲတဲ့ ဘဏ်ခွဲတွေကို ဆိုက် ပြင်ပစနစ်နဲ့ စစ်ဆေးတာတွေကို အလေးထားဆောင်ရွက်ကြဖို့ လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ပါတယ်၊၊