သဘာဝဘေးအန္တရာယ်ကြောင့်ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို အခုလကုန်မှာပြန်ဖွင့်ဖို့ကြိုးစားနေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ၁၈ ရက်မနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ကယ်ဆယ်ရေးစခန်းရှိရေဘေးရှောင်ပြည်သူတွေကို သွားရောက်အားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

“အကြောင်းကြောင်းကြောင့်ကျောင်းတွေပိတ်ရတယ်ဆိုရင်လည်း စနေ၊ တနင်္ဂနွေမှာအစားထိုးပြန်တက်ဖို့၊ သီတင်းကျွတ်ပြီးသွားရင်တော့စနေ၊ တနင်္ဂနွေ ဖြစ်နိုင်ပြီး ဝါမကျွတ်ခင်ကတော့တနင်္ဂနွေပိတ်ရက်ရှိကာ အဲဒီတနင်္ဂနွေပိတ်ရက်ကိုတော့ ကလေးတွေကျောင်းတက်ကောင်းတက်ရလိမ့်မယ်၊ ဒါပေမဲ့ စာမေးပွဲ ဖြေဆိုရမယ့်အချိန်မှာ သင်ပြီးတဲ့ဘာသာရပ်အတိုင်းပဲ စာမေးပွဲစစ်ပေးပါမယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဒါ့အပြင် ကျန်တဲ့အချိန်တွေမှာတော့ ကျောင်းပြန်တက်ရမှာဖြစ်ပြီး ကလေးတွေကိုကျောင်းပြန်လွှတ်ပေးဖို့လိုတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။