မန္တလေးငလျင်ကြီးဒဏ်ကြောင့် တိမ်းစောင်းသွားတဲ့ကျောက်ဆည်မြို့က သမိုင်းဝင်ကျောက်သေတ္တာစေတီကို ရှေးမူမပျက် ထားရှိဖို့ တာဝန်ရှိသူတွေ ပူးပေါင်းစီစဥ်လုပ်ဆောင်နေတယ်လို့ ကျောက်ဆည်ခရိုင်အုပ်ချုပ် ရေးမှူးထံက သိရပါတယ်။

လက်ရှိမှာ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်ရဲ့ညွှန်ကြားချက်နဲ့ အောက်ခြေကျောက်သားတွေရဲ့မာကျောမှု အခြေအနေ၊ ငလျင်ဒဏ်ကြောင့်စေတီရဲ့တိမ်းစောင်းမှုအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးတိုင်းတာမှုတွေ ဆောင်ရွက်နေတာပါ။ကျောက်သေတ္တာကို ပြုပြင်ထိန်းသိမ်းဖို့အတွက် အဆင့် ၂ ဆင့်နဲ့ လုပ်ဆောင်သွားမယ်လို့ ကျောက်ဆည်ခရိုင်အုပ် ချုပ်ရေးမှူးဦးကောင်းမြတ်နိုင်က ပြောပါတယ်။ကျောက်တုံးကို ပြုပြင်ထိန်းသိမ်းစဥ်ကာလမှာ အနီးတစ်ဝိုက်မှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေ ထိုင်ဖို့ ကြေညာထားပါတယ်။ ကျောက်သေတ္တာစေတီမှာ လျှပ်စစ်လှိုင်းလွှတ်ပြီး တိုင်းတာမှုကနေ ရရှိလာတဲ့ အချက်အလက်နဲ့ ဆက်လက် ထိန်းသိမ်းနိုင်ဖို့တွေကို တင်ပြသွားမှာ ဖြစ်တယ်လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဘူမိ ဗေဒဌာနခွဲ၊ ဘူမိဗေဒရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလှသန်းက ပြောပါတယ်။

ကျောက်သေတ္တာစေတီမှာ ဘူမိရူပဗေဒတိုင်းတာတာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့အတူ ကျောက်ဆည် မြို့နယ်က ပရဟိတအဖွဲ့တွေကလည်း ပူးပေါင်းကူညီ လုပ်ဆောင်နေတာပါ။ ကျောက်သေတ္တာစေတီကို ရှေးမူမပျက် ပြန်လည်ပြုပြင်ဖို့အတွက် ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဆက်သွယ် လှူဒါန်းနိုင်ပြီး သီးခြား ဘဏ်အကောင့်တွေ ဖွင့်လှစ်ထားတယ်လို့လည်း တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။