ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ စီးပွားရေးနှင့်နိုင်ငံရေးအရ အရေးပါတဲ့အပြင် နိုင်ငံအတွက် အရေးကြီးပြီး နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်တဲ့အတွက် အောင်မြင်အောင်ဆောင်ရွက်သွားဖို့ လိုတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊မတ်လ ၁၁ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ ကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၅ရက်မှာ ချုပ်ဆိုခဲ့ပါတယ်။ နောက်ဆက်တွဲစာချုပ်ကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၆ရက်မှာ စီမံကိန်းကုမ္ပဏီနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ လက်မှတ်ရေးထိုးခဲ့ပြီး သက်တမ်းတိုးပေးခဲ့ပြီးဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊သက်တမ်းတိုးမြှင့်ထားတဲ့ကာလဟာ ၂၀၂၅ခုနှစ် ဇွန်လ ၂၅ရက်မှာ ပြည့်မြောက်မှာဖြစ်တဲ့အတွက် သတ်မှတ်ကာလမတိုင်မီ နှစ်လအလိုမှာ နှစ်ဦးနှစ်ဖက် လုပ်ငန်းတွေပြီးပြတ်အောင် မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စရပ်ဖြစ်တဲ့အတွက် လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်နေပြီး တခြားပါဝင်တဲ့ ကော်မတီတွေကလည်း လုပ်ငန်းတွေ အမြန်ဆုံးပြီးပြတ်အောင် ကန်သတ်ချက်တွေကြားမှ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းအားဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုမြှင့်တင်နိုင်မှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊