ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးခဲ့တဲ့ဒေသခံပြည်သူတွေကို နိုင်ငံတော်အစိုးရက ကျပ် ၈ သိန်း ထောက်ပံ့ပေးမယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်က ရပ်ကွက်/ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးတာ၊ လူနေအိမ် ရုံး/ဌာန အဆောက်အဦ စာသင်ကျောင်းနဲ့ အခြားအဆောက်အဦတွေ ရေဝင်နစ်မြုပ်တာ၊ ထိခိုက်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဒေသတွေမှာ စက်တင်ဘာ ၁၈ ရက်၊ မနက် ၉ နာရီအထိ ကောက်ယူရရှိတဲ့စာရင်းတွေအရ ပြည်သူ ၂၆၈ ယောက် သေဆုံးခဲ့ပြီး ၈၈ ယောက်ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
သဘာဝဘေးဒဏ်ကြောင့်သေဆုံးခဲ့တဲ့ပြည်သူတွေကို တစ်ယောက်ကို နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေ ကျပ်၅ သိန်းနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ ကျပ် ၃ သိန်း စုစုပေါင်းကျပ် ၈ သိန်းကို ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါတယ်။
အဲဒီအပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း သီးခြားထပ်ဆောင်းထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။