နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ လတ်တလော ယာယီနေရပ်စွန့်ခွာသူအရေအတွက်ဟာ ဖေဖော်ဝါရီ ၅ ရက်အထိ စာရင်းတွေအရ ၆၉၄၁၈၉ ယောက်ရှိပြီး အခုနှစ်အတွက် စုစုပေါင်း ကျပ် ၁၆၆ ဘီလီယံ ကျော် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

ယာယီနေရပ်စွန့်ခွာသူ တစ်ယောက်ကို တစ်လကျပ် ၂ သောင်းနှုန်းနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီး ဖြစ်ပါတယ်။လက်ရှိမှာတော့ ဇန်နဝါရီလအတွက် ထောက်ပံ့ငွေတွေကို ထောက်ပံ့ပေးအပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ဧပြီလထဲမှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွက် ၂ လစာ၊ ဇူလိုင်လထဲမှာ ဧပြီလကနေ ဇွန်လအထိ ၃ လစာ၊ အောက်တိုဘာလထဲမှာ ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လစာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ၃ လစာကို စုစုပေါင်း ၅ ကြိမ်ခွဲပြီး ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။