နိုင်ငံတစ်ဝန်း ရေဘေးဒဏ်သင့်ဒေသတွေအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးရရှိအောင် နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့အိမ်ထောင်စု ခြောက်သောင်းနီးပါး၊ လူဦးရေ နှစ်သိန်းကျော်ရှိပြီး ရေဘေးကူညီကယ်ဆယ်ရေး စခန်း ၁၈၇ ခု ဖွင့်လှစ်ထားရတယ်လို့ဆိုပါတယ်။

လတ်တလောစာရင်းတွေအရတော့ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိရေကြီးနစ်မြုပ်မှုတွေကြောင့် သေဆုံးသူ ၃၃ ယောက်ရှိထားသလို ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်နေရာတွေမှာ မြေပြိုကျပြီး ပျောက်ဆုံးသူတွေရှိတယ်လို့ သိထားရတဲ့အတွက် လိုက်လံစုံစမ်းနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
နေပြည်တော်၊ တပ်ကုန်းတစ်ဝိုက်မှာတော့ ရေအနည်းငယ်ကျဆင်းလာပြီး အဲဒီရေတွေဟာ စစ်တောင်းမြစ်ထဲကိုကျဆင်းနိုင်တာကြောင့် နောက်ရက်တွေမှာ တောင်ငူ၊ မုန်း၊ ရွှေကျင်ဘက်တွေမှာ အထူးသတိထားရမယ့်အနေအထားဖြစ်တယ်လို့လည်းဆိုပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နေပြည်တော်အတွင်း ပျက်စီးသွားတဲ့လမ်းတံတားတွေကို အမြန်ပြုပြင်ဖို့ ရေအမြန်ကျဆင်းစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့တွေကို စက်ယန္တရားတွေအသုံးပြုပြီးဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။