ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၄ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီခွဲက ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရှိုးဂူးနဲ့ တွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကတွဲဖက်အတွင်း ရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကဥက္ကဋ္ဌ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း တို့ တက်ရောက်ပါတယ်။တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ၊ မော်စကိုမှာကျင်းပမယ့် နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကြီးမှာ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ရေးနဲ့ လုံခြုံရေးဆိုင်ရာဖိုရမ်တွေမှာ မြန်မာကိုယ်စားလှယ်တွေကို ဖိတ်ခေါ်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စတာဆာဂေးရှိုးဂူးကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်တဲ့ စည်သူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။