ဒုစရိုက်မှုတွေမှာ သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတွေ ပါဝင်ပတ်သက်မှုရှိနေရင် အားလုံးကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တဲ့အတွက် အလေးထား လိုက်နာဆောင်ရွက်ကြဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်၊ ဒေသအလိုက် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ မိမိတို့ဒေသတွေ အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)တွေ၊ တခြား ဒုစရိုက်မှုတွေ မရှိစေ ရေးနဲ့ မဖြစ်ပေါ်စေရေးအတွက် ဖော်ထုတ်အရေးယူတာတွေကို တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသားနဲ့ ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း မှာကြားခဲ့ပါတယ်။

တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြုပြီး နိုင်ငံတော်မှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရကာ ထိထိရောက်ရောက်အရေးယူမှုတွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။နိုင်ငံတကာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အာရုံစိုက်မှုရှိလာသလို နိုင်ငံတော်အနေနဲ့လည်း အဲဒီဒုစရိုက်မှုတွေ နှိမ်နင်းရေးကို နိုင်ငံတကာနဲ့ပူးပေါင်းကာ တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။