ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီသူတွေကို အရေးယူဆောင်ရွက်နေပြီး မမှန်မကန်တိုင်ကြားမှုတွေနဲ့ လုပ်ကြံဝါဒဖြန့်တာတွေကိုလည်း ဖော်ထုတ်အရေးယူနေတယ်လို့ သိရပါတယ်။ဇူလိုင်လ ၄ ရက်က ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ (၂ /၂၀၂၅ ) ကြိမ်မြောက် အစည်းအဝေးမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေး က ခုလို ပြောကြားခဲ့တာပါ။

လက်ရှိမှာ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့တွေက တင်ပြလာတဲ့ ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နဲ့ လျှော့ပေါ့ခွင့်တွေနဲ့ ပတ်သက်လို့လည်း ဗဟိုအဖွဲ့က စိစစ် ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူတွေကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ စနစ်တကျ မှတ်တမ်းရေးသွင်းပြီး ပြန်လည်ဆင့်ခေါ်ရမယ့်အချိန်မှာ ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေးကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်တဲ့ တာဝန်ရှိသူအဆင့်ဆင့်က သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်သွားကြဖို့ လို အပ်တယ်လို့လည်း ဆိုပါတယ်။အလားတူ ပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတဲ့ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ ၊ မြို့နယ်အ ဖွဲ့တွေအနေနဲ့ လူမှုဆက်ဆံရေးကောင်းမွန်ဖို့၊ ငွေကြေးမသမာမှုမရှိစေဖို့၊ အဂတိမဖြစ်ပေါ်စေဖို့နဲ့ သတ်မှတ်လုပ် ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးဖို့လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြောကြားခဲ့ပါတယ်။