ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ထောက်ပံ့ပေးထားတဲ့ ဘီစကစ်တွေကိုရောင်းချရင် ချက်ခြင်းအရေးယူ ဆောင်ရွက်သွားမယ်လို့ UN Myanmar က ထုတ်ပြန်ပါတယ်။ နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ် တွေ ရောင်းချနေတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးနေကြတာကို WFP က သိရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရဘဲ နေပြည်တော်မှာ အာဟာရ ဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပြန်လည်ရောင်းချဖို့ မသင့်သလို WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေပြီး ရောင်းချတာတွေ့ရင် ချက်ချင်းအရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့၊ ဝယ်ယူ စားသုံးဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုအကူအညီတစ်မျိုး ဖြစ်ပါတယ်။

ဘီစကွတ်တွေကို ၆ လအောက် ကလေးငယ်တွေကို ကျွေးလို့ မရပေမယ့် အသက် ၆ လအထက် ကလေးတွေကိုတော့ မိခင်နို့ဝအောင် တိုက်ကျွေးပြီးရင် ဘီစကွတ်ကို ကျွေးနိုင် မှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဗိုက်ဆာတဲ့အခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ဘီစကွတ် ငါးထုပ်ခန့်အထိ စားသုံးနိုင်တယ်လို့ သိရပါတယ်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အနေနဲ့ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်း ငလျင်ဘေးသင့်ပြည်သူတွေ အတွက် အာဟာရဖြည့်ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။