ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃၀၀ကို ဖေဖော်ဝါရီ၂၁ရက်က မြန်မာ-ထိုင်း အမှတ်၂ချစ်ကြည်ရေးတံတားကနေတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုလွှဲပြောင်းရာမှာ မြန်မာနိုင်ငံကတာဝန်ရှိသူတွေက တရုတ်နိုင်ငံက တာဝန်ရှိသူတွေဆီကို ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။အခုလွှဲပြောင်းပေးအပ်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဖွင့်ဟဝန်ခံချက်တွေအရ အများစုဟာ အိမ်နီးချင်းနိုင်ငံတချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်သလို မြဝတီ-KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စေခိုင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ၂၁ရက်မှာ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့-ရွှေကုက္ကိုလ်နဲ့ KK Parkနယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပနိုင်ငံသား ၂၂၂ယောက်ကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၃၀ရက်ကနေ ဖေဖော်ဝါရီ၂၁ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားဦးရေ ၁၉၈၅ယောက်ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက ၅၆၁ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည် လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လို့သိရပါတယ်။