မြန်မာနိုင်ငံဟာ အာဆီယံမိသားစုဝင်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိလာတာဖြစ်တဲ့အတွက် အာဆီယံရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံကို ဆက်လက်ပါဝင်စေလိုတယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနိုက ပြောပါတယ်။ဇွန်လ ၈ ရက်က ကျင်းပတဲ့ မြန်မာနဲ့အင်ဒိုနီးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ မစ္စတာ ဆူဂီအိုနို က အခုလိုပြောကြားလိုက်တာပါ။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကတစ်ဆင့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာတာနဲ့အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အသိအမှတ် ပြုတယ်လို့ ဆိုပါတယ်။အာဆီယံထုတ်ပြန်ချက် ၅ ရပ်ကို မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ အကောင်အထည် ဖော်နေတာ ကိုလည်း အင်ဒိုနီးရှားက အသိအမှတ်ပြုကြောင်းနဲ့ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ လူ့အဖွဲ့ အစည်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပံ့ပိုးလိုတယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အင်ဒိုနီးရှားနိုင်ငံက အပြုသဘောဆောင် ကြိုဆိုခဲ့တဲ့အတွက် ကျေးဇူး တင်ရှိကြောင်းနဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ပါဝင်ဆောင် ရွက်နေပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို နားလည်ထောက်ခံတဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံက ပညာသင်ဆုတွေ ပေးအပ်တာအပါအဝင် မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပံ့ပိုးကူညီပေးစေလိုတယ်လို့ ဦးတင်မောင်ဆွေက ပြောကြားခဲ့ပါတယ်။



